သွေးတိုးကျစေတဲ့ ငှက်ပျောသီး
ငှက်ပျောသီးကို ကလေးတွေရော လူကြီးတွေပါ သဘောကျကြပါတယ်။ ငှက်ပျောသီးလို့ ဆိုတဲ့နေရာမှာ သီးမွှေး၊ ဖီးကြမ်းစသဖြင့် အမျိုးမျိုးရှိနေပေမယ့်လည်း ငှက်ပျောသီးကပေးတဲ့ ကျန်းမာရေးအာနိသင်တွေကတော့ သိသိသာသာ ကွာခြားသွားတာမျိုး မရှိပါဘူး။
ငှက်ပျောသီး ဆိုရာဝယ်
ငှက်ပျောသီးလို့ပြောလိုက်ရင် အထွေအထူး ပြောစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ အခွံက မမှည့်ခင်မှာ စိမ်းပြီး မှည့်သွားရင် ဝါပါတယ်။ မှည့်လာချိန်မှာ အနံ့က ချိုမွှေးမွှေးလေးပါ။ အသီးရဲ့ အသားက ခပ်မွမွလေး ဖြစ်ပြီး အရသာက ချိုပါတယ်။
ငှက်ပျောသီးမှာ ဘာတွေပါလဲ
စားရတာ ခံတွင်းတွေ့လှတဲ့ ငှက်ပျောသီးမှာ ပရိုတင်း၊ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
သွေးတိုးကျချင်လား? ငှက်ပျောသီး စားပါ
ငှက်ပျောသီးရဲ့ လူသိများတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ အားရှိစေတာပါ။ တကယ်ကတော့ ငှက်ပျောသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ သတ္တုဓာတ် တစ်မျိုးဖြစ် ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးနေချိန်မှာ ငှက်ပျောသီး တစ်လုံး ခပ်မြန်မြန် စားလိုက်တာ သွေးတိုးတာကို သက်သာစေမယ့် အမြန်ဆုံး သဘာဝ နည်းလမ်း တစ်ရပ်ပါ။
ဆီးချိုရှိနေသူတွေကတော့ ဒီနေရာမှာ အနည်းငယ် သတိထားဖို့ လိုပါမယ်။ သွေးတွင်းအချိုဓာတ် များနေရင် မစားသင့်ပါဘူး။ ငှက်ပျောသီးက သွေးတိုးကျစေတာအတွက်ပဲ စားပေးလို့ ရတာလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးကို အခုလို အကျိုးကျေးဇူးတွေ ရရှိစေဖို့လည်း စားပေးလို့ ရပါသေးတယ်။
သွေးအားကောင်းစေဖို့
သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
ဝိတ်ချဖို့
အဆီနဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတာက ဝိတ်ချရာမှာ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ အဝမလွန်ချင်သူတွေ စားပေးလို့ ရပါတယ်။
အင်အားပြည့်စေဖို့
ငှက်ပျောသီးမှာ သဘာဝ အချိုဓာတ် ပါဝင်နေတာက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အားရှိနေစေဖို့ ထောက်ကူပေးပါတယ်။
နှလုံးကျန်းမာစေဖို့
သွေးကြောတွေ ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မျက်လုံး ကျန်းမာစေဖို့
ငှက်ပျောသီးမှာ Lutein နဲ့ beta carotenoids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
နာတာရှည်ရောဂါတွေ ကာကွယ်ဖို့
ငှက်ပျောသီးမှာ အင်ဒီအောက်ဆီဒင့် ပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကိုယ်ခံအား ကောင်းစေဖို့
ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေဖို့
အမျှင်ဓာတ် ကြွယ်ဝတာက လေပွတာမျိုး၊ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
သွေးသန့်စေဖို့
ဗီတာမင်တွေနဲ့ အင်ဒီအောက်ဆီဒင့်တွေ ပါဝင်နေတာကြောင့် သွေးသန့်စေဖို့ ထောက်ကူပေးပါတယ်။
ရေးသားသူ - မွန်မွန်